သမ္မတ အိမ်ပြာတော်သို့ အလည်တစ်ခေါက် 나들이(အလည်အပတ်)2020. 4. 11. 17:23
2020.04.09. သမ္မတ အိမ်ပြာတော်သို့ အလည်တစ်ခေါက်
သမ္မတ အိမ်ပြာတော် အပြင်လူ ဝင်ရောက်လေ့လာခွင့်ပြုခြင်း သမိုင်းစဥ်
ကိုရီးယား သမ္မတ အိမ်ပြာတော်ဟာ 1955ခုနှစ် 4လပိုင်း 19ရက်နေ့မှာ စတင်၍ အပြင်လူများအား ဝင်ရောက် လေ့လာခွင့်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ ထို အချိန်တုန်းကတော့ နှစ်စဥ် 4လပိုင်း တစ်လတည်းပဲ ဝင်ရောက်လေ့လာခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
1968ခုနှစ် သမ္မတ လုပ်ကြံခံရတဲ့ ကိစ္စအပြီးမှာတော့ 1988ခုနှစ်အထိ ဝင်ရောက်လေ့လာခွင့် ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ နောက်ပိုင်းမှာတော့ အိမ်ပြာတော် လေ့လာရေး လာချင်ကြတဲ့ အဖွဲ့အစည်းများကိုပဲ အဓိကထားပြီး ဝင်ခွင့် လျှောက်ထားစေပြီး လူအနည်းငယ်ကိုသာ ခွင့်ပြုခဲ့ပါတယ်။
25နှစ်ကြာ အပြင်လူ ဝင်ခွင့်ကို ပိတ်ထားခဲ့တဲ့ အိမ်ပြာတော်ကို 1993ခုနှစ်ပိုင်းမှာတော့ မသန်စွမ်းများ၊ ဝေးလံခေါင်ပါးတဲ့ ဒေသမှ ကလေးများ၊ သက်ကြီးရွယ်အိုများ၊ မိဘမဲ့ဂေဟာ၊ ဘိုးဘွားရိပ်သာ စတဲ့ နေရာမှ လူများ၊ ကလေးများ စသည်တို့ထဲမှာ လေ့လာချင်သူများကို ရွေးချယ်ကာ ဝင်ရောက် လေ့လာခွင့်ပြုခဲ့ပါတယ်။
1998ခုနှစ် 5လပိုင်းမှ စပြီး မည်သူမဆို ဝင်ရောက်လေ့လာခွင့် လျှောက်ထားစေကာ၊ နောက်ကြောင်း စစ်ဆေးပြီးနောက်မှ လေ့လာခွင့် ပြုခြင်းကို စတင်ခဲ့ပါတယ်။
2003ခုနှစ်မှ စပြီး အိမ်ပြာတော် main building ရှေ့လမ်း၊ သတင်းစာရှင်းလင်းပွဲ ကျင်းပတဲ့ မြက်ခင်းပြင် စတဲ့ သမ္မတ လမ်းထွက်လျှောက်လေ့ ရှိတဲ့ လမ်းများကို ထည့်သွင်း လေ့လာခွင့်ပြခဲ့ပြီး အိမ်ပြာတော် Home pageထဲ ဝင်ပြီး internet ဖြင့်လည်းကောင်း၊ လူကိုယ်တိုင် သွားရောက်ခြင်းဖြင့်လည်းကောင်း လေ့လာခွင့် လျှောက်ထားနိုင်ရန် စီစဥ်ဆောင်ရွက်ခဲ့ပါတယ်။
2008ခုနှစ်မှ စပြီး အိမ်ပြာတော် အရှေ့လမ်းမကြီးကို 24နာရီ ဝင်ထွက်သွားလာခွင့် ပြုခဲ့ပြီး ဓာတ်ပုံရိုက်ခြင်းကိုပါ ခွင့်ပြုပေးခဲ့ပါတယ်။
အိမ်ပြာတော် ဖွင့်ချိန်
ဖွင့်ရက် : အပတ်စဥ် အင်္ဂါနေ့မှ သောကြာနေ့အထိ၊ ဒုတိယအပတ်နှင့် စတုတ္ထအပတ် စနေနေ့
ပိတ်ရက်: အပတ်စဥ် တနင်္လာနေ့၊ အများပြည်သူ ပိတ်ရက်များ
အချိန် : မနက် 10နာရီ၊ 11နာရီ၊ နေ့လည် 2နာရီ၊ 3နာရီ (စုစုပေါင်း 4ကြိမ်)
အိမ်ပြာတော်သို့ သွားရောက်ရန် စုရပ်ကတော့ ဂရောင်းဘို့ နန်းတော် ကား parking နေရာပဲ ဖြစ်ပါတယ်။ အဲ့ဒီမှာ စုပြီးမှ စီစဥ်ထားတဲ့ ဘတ်စ်ကားနဲ့ သွားရတာ ဖြစ်ပါတယ်။
လေ့လာရေး course
ချွန်းချူဂွမ်ဆိုတဲ့ သတင်းထောက်များအတွက် သတ်မှတ်ပေးထားတဲ့ နေရာဖြစ်ပြီး၊ အစိုးရမှ ပေါ်လစီများ ထုတ်ပြန်တဲ့အခါ မီဒီယာများမှ တစ်ဆင့် ပြည်သူများထံ တစ်ဆင့် ပြန်ကြားပေးတဲ့ နေရာဖြစ်ပါတယ်။
စစချင်း ချွန်းချူဂွမ်ကနေ စဝင်ရပါတယ်။ ကျွန်မတို့က စုစုပေါင်း လူလေး 9ယောက်ပဲရှိတဲ့အတွက် အပေါက်ဝကနေ စစ်ဆေးဖို့နဲ့၊ ကြိုနေတဲ့ သူတွေက များနေတယ်လို့ ခံစားခဲ့ရပါတယ်။ ဓာတ်ပုံရိုက်ခွင့် ပေးထားတဲ့ သတ်မှတ်နေရာများမှာပဲ ရိုက်လို့ ရတဲ့အတွက် ဓာတ်ပုံ မရိုက်ခဲ့ရပါဘူး။
အိတ်တွေ ဘာတွေ စစ်ဆေးမှု ခံပြီး အထဲဝင်သွားတော့ သမ္မတအိမ်ပြာတော် တံဆိပ်ပါတဲ့ အမှတ်တရ လက်ဆောင်ပေးပါတယ်။
အစကနေ အဆုံးအထိ ရဲမှူးကြီး တစ်ယောက် ပါပါတယ်။ ရှင်းပြပေးတဲ့ သူက သပ်သပ် ရှိပါတယ်။
အဲ့ဒီ့ကနေ တစ်ဆင့် သတင်းစာရှင်းလင်းပွဲ စတဲ့ အခမ်းအနားများ ကျင်းပတဲ့ မြက်ခင်းပြင်ကို ရောက်ပါတယ်။ အဲ့ဒီမှာ နှစ်ပေါင်း 175နှစ် ရှိပြီ ဖြစ်တဲ့ ထင်းရှူးပင်ကြီးကို တွေ့ရပါလိမ့်မယ်။
အဲ့ဒီမှာ ဓာတ်ပုံရိုက်ပြီးနောက်မှာတော့ ဟိုးအရင် အိမ်ပြာတော် main building တည်ရှိခဲ့တဲ့ နေရာကို လိုက်ပြပေးပါတယ်။
အဆောက်အဦတော့ မရှိတော့ဘဲ ကျောက်တိုင်နဲ့ နေရာကို ညွှန်ပြထားပါတယ်။ အရင် main building ကိုတော့ 1939ခုနှစ်ကနေ 1993ခုနှစ်အထိ 54နှစ်ကြာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
1980ခုနှစ်မှာ main building အဟောင်းရဲ့ မျက်နှာစာ အဖီဆွယ်ကို တိုးချဲ့ဆောက်လုပ်ခဲ့ပြီး အဲ့ဒီ အဖီရဲ့ ခေါင်းမိုးအလယ်မှာ တင်ထားခဲ့တဲ့ အိုးပုံစံ အလှဆင် ခေါင်ချုပ်လေးကို အမှတ်တရ သူရှိခဲ့တဲ့ နေရာလေးမှာ ချထားပေးပါတယ်။
ဆက်လက်ပြီး လက်ရှိ main building ရှေ့က ဖြတ်လျှောက်ပြီး ခေါင်မိုး အပြာရောင်နဲ့ တင့်တယ်နေတဲ့ သမ္မတ အိမ်ပြာတော်ကို အနီးကပ် ကြည့်ရှုခဲ့ရပါတယ်။ အိမ်ပြာတော်နဲ့ ဘေး နှစ်ဖက်မှာ ရှိနေတဲ့ အဆောက်အဦတွေရဲ့ ခေါင်မိုးကတော့ ကွန်ကရစ်နဲ့ တည်ဆောက်ထားတဲ့ ကိုရီးယားရိုးရာ အိမ်ပုံစံဖြစ်ပြီး၊ အပြာရောင် အုတ်ချပ်ပေါင်း တစ်သိန်း ငါးသောင်းနှင့် မိုးထားပါတယ်။ သမ္မတရဲ့ ရုံးခန်း၊ ဧည့်သည်လက်ခံတွေ့ဆုံခန်း စတဲ့ အခန်းများကတော့ ဒုတိယထပ်မှာ ရှိပါတယ်။ ပထမထပ်မှာတော့ သမ္မတကတော် ရုံးခန်း စသည်တို့ ရှိတယ်လို့ ကြားသိရပါတယ်။
ဆက်လက်ပြီး ထိပ်သီး အစည်းအဝေးများ ကျင်းပတဲ့ ခန်းမကို လေ့လာခဲ့ရပါတယ်။ 2ထပ် အဆောက်အဦဖြစ်ပြီး အတော်လေး မြင့်ပါတယ်။ ၂ထပ်ပေါင်းလိုက်ရင် အယောက် 500လောက် ဆန့်တယ်လို့ ပြောပါတယ်။ အဲ့ဒီ့ အဆောက်အဦ မျက်နှာကြက်မှာဆိုရင် ကိုရီယားနိုင်ငံ ကိုယ်စားပြုပန်း မူဂွန်ဟွာခေါ် ခေါင်းလောင်းပန်း၊ အောင်နိုင်ခြင်း၊ ဂုဏ်အရှိန်အဝါကို အဓိပ္ပါယ်ဆောင်တဲ့ ပျဥ်းတော်သိန်းရွက်ပုံစံ ထွင်းထားတဲ့ အလှဆင် ပစ္စည်းများလည်း တွေ့ရပါတယ်။
အဲ့ဒီကအထွက်မှာတော့ ဂျိုဆောင်းခေတ်အဆက်ဆက် ဘုရင်များထဲမှ 7ယောက်ကို မွေးပေးခဲ့တဲ့ မိဖုရားငယ်များရဲ့ ကဗ္ဗည်းတိုင်တွေ ထားထားတဲ့ နေရာကို ဝင်လေ့လာစေပါတယ်။ ဒီ မိဖုရား 7ပါးဟာ ဘုရင့် မိခင်တွေ ဖြစ်ပေမဲ့ မိဖုရားခေါင် မဟုတ်တဲ့အတွက် ယောကျာ်းဖြစ်သူ ဘုရင်ကြီးနှင့် ကဗ္ဗည်းတိုင်ကို တစ်နေရာတည်းမှာ အတူ ထားခွင့် မရှိသည့်အတွက် ဒီနေရာမှာ သပ်သပ်ထားရှိခြင်း ဖြစ်ပါတယ်။
ဂရောင်းဘို့ နန်းတော်ရှေ့လည်း သွားခဲ့သေးတယ်။
အိမ်ပြာတော်ကို သွားလည်ဖို့ ဘယ်လို လျှောက်ရလဲ သိချင်ရင် အောက်က လင့်ထဲ ဝင်ကြည့်လိုက်နော်။
https://blog.ayeayeaung.me/196
သမ္မတ အိမ်ပြာတော်သို့ လေ့လာရေး သွားရအောင်
ကိုရီးယားမှာ နေနေတာ ၄နှစ်ကျော်လို့ ၅နှစ်ထဲ ရောက်ပေါ့။ အိမ်ပြာတော်အရှေ့က ဂရောင်းဘို့နန်းတော်ထဲကိုတော့ မ..
blog.ayeayeaung.me
'나들이(အလည်အပတ်)' 카테고리의 다른 글
ကိုရီးယား နိုင်ငံရဲ့ စစ်သူကြီး လီဆွန်းရှင်း ရှိတဲ့ ထုံးရောင်းသို့ အလည်တစ်ခေါက် (0) | 2020.05.04 |
---|---|
ကိုရီးယား တောင်ပိုင်း ဂျီရီဆန်(ဂျီရီတောင်)သို့ အလည်တစ်ခေါက် (0) | 2020.05.04 |
청와대 관람 (0) | 2020.04.09 |
북서울 꿈의 숲 (0) | 2020.03.31 |
바간 여행 7(바간 신도시) (0) | 2020.02.09 |