ကိုရိုနာဘေးကို ကိုရီးယားမှာ ဘယ်လို တုံ့ပြန်နေသလဲ။
တရုတ်မှာ ကိုရိုနာ ကူးစက်ပြန့်ပွားမှု များနေချိန် ကိုရီးယားမှာ တစ်ယောက်စ နှစ်ယောက်စ စတင် ဖြစ်နေပြီပေါ့နော်။ ပြည်တွင်း ကူးစက်မှုလည်း အာရုံစိုက်နေရင်း ဝူဟန်မှာ ရောက်နေတဲ့ တခြားနိုင်ငံသားတွေကို သက်ဆိုင်ရာ နိုင်ငံတွေက ပြန်ခေါ်တာတွေ လုပ်တော့ ကိုရီးယားအစိုးရကလည်း လေယာဥ် စီးလုံးငှားပြီး ၃ခေါက်လား မသိဘူး လွှတ်ပြီး ပြန်ခေါ်လာတယ်။ ပြန်ခေါ်လာတဲ့ သူတွေကို ဘယ်မှာ ထားပြီး စောင့်ကြပ်မလဲဆိုပြီး နေရာရှာတဲ့အခါမှာ ရေချိုးခန်း အိမ်သာ အပြည့်အစုံပါတဲ့ တစ်ယောက်ချင်း အခန်းဖွဲ့ထားတဲ့ အဆောင်ခန်းတွေက ချောင်းနန်းဆိုတဲ့ ဒေသမှာ ရှိနေတဲ့အတွက် အဲ့ဒီဘက်ကို သတ်မှတ်လိုက်တယ်။ ချောင်းနန်းဘက်မှာဆိုရင် အစိုးရပိုင် ကာလတို၊ ကာလရှည် သင်တန်းကျောင်းတွေ၊ ဥပမာ ရဲဖြစ်သင်တန်းတို့၊ မီးသတ်သင်တန်း စသဖြင့် အများကြီး ရှိတဲ့အတွက်ကြောင့်ပဲ ဖြစ်တယ်။ အဲလို သတ်မှတ်လိုက်တော့ အဲ့ဒီ ဒေသမှာ နေတဲ့ ဒေသခံ တချို့က ကန့်ကွက်ဆန္ဒပြကြတယ်။ အကျိုးအကြောင်း တွေးတောတတ်၊ နိုင်ငံကြီးသား ပီသတဲ့ တချို့ ဒေသခံတွေကတော့ ကပ်ဘေးကြုံနေခဲ့တဲ့ မိမိနိုင်ငံသား အချင်းချင်း အားပေးကြောင်း၊ ကြိုဆိုကြောင်း အင်တာနက်က တဆင့် သူတို့ရဲ့ သဘောထားကို ဖော်ပြကြိုဆိုကြတယ်။ နောက်ဆုံး အစိုးရရဲ့ အစီအစဥ်နဲ့ ဝူဟန်ဒေသမှ ပြည်သူတွေနဲ့၊ သူတို့ မိသားစုများ ကိုရီးယားပြည်ထဲကို ကပ်ဘေးရှောင် ဝင်ရောက်နေထိုင်ခွင့် ရခဲ့တယ်။ ၁၄ရက် ၂ပတ်ကြာ အဆောင်တွင်းမှာပဲ စောင့်ကြည့်ကာလအဖြစ် နေခဲ့ကြရတယ်။
တရုတ်မှာ တဟုန်ထိုး ကူးစက်သူ၊ သေဆုံးသူတွေ တိုးလာတော့ ကိုရီးယားမှာ တရုတ်တွေကို ပြည်ဝင်ခွင့် ပိတ်ဖို့ အိမ်ပြာတော် ဟုမ်းပေ့ချ်မှာ ဆန္ဒတင်ပြကြတယ်။ အစိုးရက တရုတ်ကို လုံးဝ ပြည်ဝင်ခွင့် မပိတ်ခဲ့ဘဲ အဲ့ဒီအချိန်တုန်းက တရုတ်မှ ဝင်လာတဲ့ မည်သူ့ကိုမဆို ၂ပတ်အတွင် အပြင်မထွက်ဖို့ ကြပ်မတ်တယ်။ application ချက်ချင်းဆွဲပြီး အဲ့ဒီ ၁၄ရက်အတွင်းမှာ နေ့စဥ် ကျန်းမာရေး ဒိုင်ယာရီကို ဖြည့်စွက်စေတယ်။ အဲ့လို စီစဥ်ဆောင်ရွက်နေတဲ့ ကာလအတွင်းမှာ ကူးစက်ပြန့်ပွားမှုဟာ အတော်လေး ငြိမ်နေခဲ့တယ်။ ကိုရီးယားနိုင်ငံတွင်း နှာခေါင်းစည်းတွေဆိုတာလည်း တရုတ်တွေ သိမ်းကျုံးဝယ်ပြီး သယ်သယ်သွားလို့ ဆိုင်တွေမှာ ကျန်တောင် မကျန်တော့တဲ့ အခြေအနေရောက်ရော နံပါတ် ၃၁ ကူးစက်ခံရသူ အဖွားကြီး ပေါ်လာပါလေရော။ အဲ့အဖွားကြီး တစ်နိုင်ငံလုံး နှံ့နေအောင် ပတ်တာကို အစိုးရက သိတော့ လိုက်ရင်း လိုက်ရင်း ရှင်းချောင်းကြည်ဆိုတဲ့ ခရစ်ယာန်ဂိုဏ်းကွဲအဖွဲ့အကြောင်း ပေါ်လာပါရော။ သူတို့ရဲ့ ဘုရားဝတ်ပြုပုံက ထူးဆန်းတယ်။ ကြမ်းပြင်မှာ တန်းစီထိုင်ပြီး ဝတ်ပြုကြ၊ ဆိုကြ၊ ကကြဆိုတော့ ရောဂါက မကူးချင်တာတောင် မကူးလို့ မရတဲ့ အခြေအနေဖြစ်နေတာပေါ့။ အဲ့ဒီ့ ဂိုဏ်းချုပ်ဘုရားရှိခိုးကျောင်း ဒယ်ဂူရှင်းချောင်းကြည်ကနေ တဟုန်ထိုး ကူးစက်သူတွေ တိုးလာလိုက်တာ အခုဆို ၇ထောင် ကျော်သွားပါလေရော။ သူတို့ ဂိုဏ်းဝင်တွေ စာရင်းကို အစိုးရက တောင်းတာ privacy မို့ မပေးနိုင်ဘူးဆိုပြီး အစက တောင့်ခံနေသေးတယ်။ နောက်ဆုံး မတောင့်နိုင်တော့မှ ထုတ်ပေးတယ်။ အယောက် ၂သိန်းကျော်ပါတဲ့ စာရင်း။
ဒီလိုနဲ့ တဖြေးဖြေး တစ်နေ့တစ်နေ့ ကူးစက်သူ ရာနဲ့ချီပြီး တိုးတိုးလာလိုက်တာ နောက်ဆုံးတော့ အစိုးရမှနေပြီး ကူးစက်မှု အခြေအနေ အနီရောင်အဆင့်ကို တိုးမြှင့်ကြေငြာခဲ့တယ်။
ကိုရိုနာ ဥပဒေ ၃
တစ်ပြိုင်နက်တည်းမှာပဲ လိုအပ်တဲ့ ဥပဒေ တစ်ရပ်ကို ချက်ချင်းပြင်ဆင်ရေးဆွဲ လွှတ်တော်တင်ပြီး အကောင်အထည်ဖော်တဲ့ အချက်ပဲ။ အဲ့ဒီ ဥပဒေကို ကိုရိုနာ ဥပဒေ ၃လို့ ခေါ်ဆိုထားတယ်။ သူ့ထဲမှာပါတဲ့ အကြောင်းအရာများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ ရောဂါကူးစက်မှုအဆင့် အဝါရောင်အဆင့်ကျော်သွားပြီဆိုရင် လူမှုဖူလုံရေးဌာနမှ ကလေးသူငယ်၊ လူကြီးသူမ အစရှိသည့် ကိုယ်ခံအား နည်းတဲ့သူများကို နှာခေါင်းစည်း စသည်တို့ကို ချပေးရမယ်။
၂။ ကူးစက်ရောဂါ အဆင့် ၁ (ကူးစက်ရောဂါကြောင့် အသေအပျောက်များပြီး၊ အစုလိုက်အပြုံလိုက် ကူးစက်မှု ရှိနိုင်သည့်အတွက် ကူးစက်ခံရပါက သီးသန့်ခန်းထားပြီး စောင့်ကြည့်ကုသရန် လိုအပ်သည့် ကူးစက်ရောဂါအဆင့်)ကြောင့် ဆေးဝါးပစ္စည်း စျေးများ ခုန်တက်ခြင်းနှင့် ရှားပါးခြင်းများ ဖြစ်ပေါ်လာပါက လူမှုဖူလုံရေးနှင့် ကျန်းမာရေး ဝန်ကြီးမှ နှာခေါင်းစည်း၊ လက်ဆေးရည် စသည်တို့ကို ပြည်ပ တင်ပို့မှု ရပ်ဆိုင်းပစ်ရန်။ နောက်ပြီး ကူးစက်ရောဂါစုံစမ်းစစ်ဆေးရေးဝန်ထမ်းဦးရေကို လက်ရှိ အယောက် ၃၀မှ အယောက် ၁၀၀အထိ တိုးမြှင့်ပြီး နှာခေါင်းစည်း မလုံလောက်သည့် ကိစ္စကို ဖြေရှင်းရန်။
၃။ ရောဂါကူးစက်နိုင်ချေ ရှိသည့် သူများ(ဥပမာ ဝူဟန်ဒေသမှ ပြန်လာသူများ၊ ရောဂါပြန့်ပွားမှုနှုန်းမြင့်သည့် ရှင်းချောင်းကြည်ဘုရားကျောင်း တက်ခဲ့သည့် သူများ)ကို အိမ်တွင်းစောင့်ကြည့်ကာလအဖြစ် သတ်မှတ်ပြီး စောင့်ကြည့်ကုသစဥ် စည်းကမ်း မလိုက်နာသည့် သူများကို ထောင်ဒဏ် တစ်နှစ်အောက်၊ သို့မဟုတ် ဒဏ်ကြေး သိန်း ၁၀၀အောက် အပြစ်ပေးနိုင်သည်။
၄။ ရောဂါဖြစ်ပွားနေသည့် နေရာမှ လာသည့် နိုင်ငံခြားသား၊ ထိုနေရာကို ဖြတ်ပြီး လာတဲ့ နိုင်ငံခြားသားများကို ပြည်ဝင်ခွင့် ပိတ်ရန် လူမှုဖူလုံရေး ဝန်ကြီးမှ တရားရေးဝန်ကြီးထံ တင်ပြတောင်းဆိုနိုင်သည်။
ကိုရီးယားမှာ ကိုရိုနာ ဆေးစစ်ခြင်းနှင့် ကုသမှု ကုန်ကျစရိတ်ကို ဘယ်သူက ခံလဲ။
နောက်တစ်ခုကတော့ ဆေးစစ်ခ ကောက်ခံမှု ကိစ္စကို ပြောချင်တယ်။ ကိုရီးယား ပြည်သူတွေက အစိုးရကို အပြစ်ပြောတာက ဆေးစစ်ခ ကိစ္စပဲ။ အစိုးရက ရှင်းချောင်းကြည်က လူတွေကိုကျတော့ အခမဲ့ ဆေးစစ်ပေးတယ်။ တခြားသူတွေကိုကျတော့ တစ်ယောက် ၁သိန်း ၈သောင်း တောင်းတာ သဘာဝမကျဘူး ဘာဘူးပေါ့။ ပြည်သူတွေ စိတ်ဆိုးတာလည်း သဘာဝကျပါတယ်။ အစိုးရဘက်က ကြည့်မယ်ဆိုရင် ရှင်းချောင်းကြည်လိုမျိုး တစ်ဖက်ပိတ်တွေကို အခကြေးငွေ မယူဘဲ ဆေးစစ်ပေးနေတာတောင် အစစ်မခံဘဲ ငြင်းဆန်နေတဲ့ သူတွေ ရှိနေတာကို အခကြေးငွေနဲ့ ဆေးစစ်ရမယ်ဆိုရင် ပိုလို့တောင် အစစ်ခံကြမှာ မဟုတ်တာက တစ်ကြောင်း၊ အဲ့သလို အခမဲ့ မဖြစ်မနေ ခေါ်ယူမစစ်ဆေးဘဲ နေလိုက်ရင် စကားနားမထောင်တဲ့ သူတို့က တဆင့် တခြား ပြည်သူတွေကိုပါ ကူးစက်ကုန်ရင် အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် ရှင်းချောင်းကြည်ကို အခမဲ့ စစ်ဆေးမှု လုပ်ပေးတာ ဖြစ်တယ်လို့ ထင်တယ်။ နောက်တစ်ခုက အားလုံးကို အခမဲ့ စစ်ပေးရင် ရောဂါလက္ခဏာ သံသယ မရှိပါပဲလည်း လာပြီး အစစ်ခံကြရင် တကယ်ဖြစ်နေတဲ့ သူတွေကို အချိန်မှီ စစ်ဆေးသိရှိဖို့ နှောင့်နှေးကြန့်ကြာတာတွေ ဖြစ်လာနိုင်တယ်။ အဲ့သလို ဖြစ်ရင် မုန့်လုံး စက္ကူကပ်သလို လုံးလည်ခြာလည်လိုက်နေပြီး လုံးပမ်းပမ်းသွားမှာ ဖြစ်တယ်။ ဒါတောင် ရှင်းချောင်းကြည်ဆို အခမဲ့ စစ်ဆေးပေးတယ်ဆိုတာ့ ရှင်းချောင်းကြည် မဟုတ်ဘဲနဲ့ ရှင်းချောင်းကြည်ဆိုပြီး လိမ်ပြီး စစ်ဆေး ခံချင်တဲ့ သူတွေက ရှိသေးတယ်။ ရောဂါ ကူးစက်ခံရသူတိုင်းကို အစိုးရမှ အခမဲ့ ဆေးကုသပေးပါတယ်။ ဘာပဲ ပြောပြော ကိုယ်တော့ အစိုးရရဲ့ လုပ်ဆောင်ချက် မှန်ကန်တယ်လို့ ယူဆတယ်။
ကိုရိုနာတွင် အဓိက ဇာတ်လိုက်ဖြစ်သော နှာခေါင်းစည်း ရှားပါးမှုကို ဘယ်လို ကိုင်တွယ်သလဲ။
ရှင်းချောင်းကြည်ဘုရားကျောင်း ကူးစက်မှု ကိစ္စ မဖြစ်ခင်တုန်းကတော့ ကိုရီးယားနိုင်ငံသားတွေ အကုန်လုံး ဒီလောက်ထိ အခြေအနေ ဆိုးလာလိမ့်မယ်လို့ မထင်ထားကြဘူး။ အဲ့တော့ နှာခေါင်းစည်းလည်း လိုတာထက် ပိုမဝယ်ထားကြဘူး။ တကယ်ပြန့်လာတဲ့အခါကျမှ နှာခေါင်းစည်း ရှာတော့ ဆိုင်တွေမှာ တစ်ခုမှ မကျန်တော့ဘူး။ တရုတ်တွေ မသွားတာ ကုန်ပါလေရော။ အဲ့တော့မှ အစိုးရက ပထမဆုံး လုပ်တာက ဘာလဲဆိုတော့ နှာခေါင်းစည်း ဆိုင်လုံးကျွတ် ဝယ်ယူမှု မပြုရဆိုပြီး ကြေငြာတယ်။ကြေငြာလည်း ကြေငြာတာပဲလေ။ convenience store တွေ ဆေးဆိုင်တွေ အကုန်လုံးမှာ တင်သမျှ အကုန် လာလာ သမသွားကြတော့ တကယ်လိုတဲ့ သူတွေလာမေးတော့ ရောင်းဖို့ မရှိကြတော့ဘူး။ နောက်ဆုံး ဘာလုပ်လဲဆိုတော့ လေဆိပ်မှာ လိုက်ဖမ်းရတာပေါ့။ ပုံးလိုက် တရုတ်ပြည်ကို သယ်တဲ့ သူတွေဆီက လိုက်သိမ်းရတာ။ နောက်ပြီး နှာခေါင်းစည်းတွေ ရှိရက်နဲ့ ထုတ်မရောင်းဘဲ စျေးကောင်းစောင့်နေတဲ့ ဖြန့်ဝေသူတွေရဲ့ ဂိုထောင်တွေကို ပတ်စိပ်တိုက် လိုက်ဖမ်းခြင်း၊ တရားဝင် နိုင်ငံခြားတင်ပို့မှုကို ၁၀ရာခိုင်နှုန်းပဲ ထားပြီး ကျန်တာ ပြည်တွင်းတွင် ရောင်ချရန် စီမံခဲ့တယ်။ အဲ့ဒါတောင် နှာခေါင်းစည်း စျေးတွေလည်း တက်၊ ဝယ်လို့လည်း မရဖြစ်ရော၊ ရောဂါဖြစ်ပွားမှု အခြေအနေဆိုးရွားနေတဲ့ ဒေသတွေကို အဓိကထားပြီး စာတိုက်နှင့် NH mart တွေ၊ ဆိုးလ်နဲ့ ၏ ဂရောင်းဂီပြည်နယ်မှာတော့ နီးစပ်ရာ ဆေးဆိုင်များ(တစ်ဆိုင်ကို အခုရေ ၁၀၀နှုန်း)မှာ အစိုးရ အစီအစဥ်နဲ့ ချပေးထားတဲ့ နှာခေါင်းစည်း တစ်ဦးကို ၅ခုနှုန်းနဲ့ ရောင်းပေးခဲ့တယ်။ အပြင်မှာ ဝယ်ရင် တစ်ခုကို ဝမ်၄ထောင်ကို အစိုးရ စနစ်နဲ့ ရောင်းပေးတဲ့ နှာခေါင်းစည်းကတော့ ဝမ် ၁ထောင်ကနေ ထောင့်ငါးရာနဲ့ ရောင်းပေးတော့ အဆင်ပြေတာပေါ့။ ဒါပေမဲ့ ဒီစနစ်ဟာ လုံးဝ မထိရောက်ပါ။ ဦးရာလူ စနစ်၊ တစ်ဦးတည်းကနေ ထပ်ခါထပ်ခါ ဝယ်လို့ရနေတဲ့ စနစ်ဖြစ်သည့်အတွက် အားနေတဲ့ အဖိုးကြီးအဖွားကြီးတွေပဲ အများကြီး ဝယ်သွားကြ၊ အလုပ်ဆင်းရသည့် သူများ၊ တစ်ယောက်တည်းနေတဲ့ သူတွေမှာ အလုပ်ပြန်ချိန်မှ ဝင်ဝယ်နိုင်သည့်အတွက် ထိုသူများအတွက် နှာခေါင်းစည်းမှာ လုံးဝ ဝယ်မရတဲ့ အခြေအနေတွေ ဖြစ်ကုန်ပါရော။ ထို့အပြင် နှာခေါင်းစည်း လိုက်ချပေးတဲ့ ကုန်တင်ကား နောက်ကနေ ကိုယ်ပိုင်ကားနဲ့ လိုက်ပြီး၊ သူတို့ ချပေးတဲ့ ဆိုင်တိုင်းကို လိုက်ပြီး ၅ခုစီ လိုက်ဝယ်ပြီး၊ နောက်ကျ စျေးတင်ပြီး ပြန်ရောင်းတဲ့ မီးလန့်တုန်း ဖျားခင်တတ်တဲ့ သူတွေကြောင့် အခြေအနေက မလှမပဖြစ်ရလေ။ အဲ့တော့ နောက်ဆုံးမှာ အစိုးရက ထိုင်ဝမ်မှာ ကျင့်သုံးနေတဲ့ နည်းကို အတုယူပြီး တစ်ပတ်ကို တစ်ယောက် ၂ခုနှုန်းနဲ့ ရောင်းပေးတဲ့ စနစ်ကို ကြေငြာခဲ့တယ်။ မိမိ မွေးနှစ်အလိုက်၊ မွေးနှစ်ရဲ့ နောက်ဆုံး ဂဏန်း ၁နဲ့ ၆က တနင်္လာ၊ ၂နဲ့ ၇က အင်္ဂါ၊ ၃နဲ့ ၈က ဗုဒ္ဓဟူး၊ ၄နဲ့ ၉က ကြာသပတေး၊ ၅နဲ့ ၀က သောကြာ၊ စနေနဲ့ တနင်္ဂနွေမှာတော့ ကြားရပ်တွေမှာ မဝယ်လိုက်နိုင်တဲ့ သူများ ဝယ်ယူရန်ဆိုပြီး သတ်မှတ်လိုက်ပါတယ်။ ကိုယ့်နေ့မှာပဲ ဝယ်နိုင်ပြီး ကိုယ်စားဝယ်ယူမှု ပိတ်ထားပြီး၊ ၁၀နှစ်အောက် ကလေးသူငယ်နှင့် အသက် ၈၀အထက် သက်ကြီးရွယ်အိုများအတွက်ပဲ ကိုယ်စားဝယ်ယူခွင့် ပြုထားတယ်။ ဒီ အစီအစဥ်ကိုတော့ ၃လပိုင်း ၉ရက်နေ့မှ စပြီး အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။
ရောဂါကူးစက်ခံရပြီဆို ဘယ်လိုတွေများ လုပ်ဆောင်သလဲ။
ရောဂါကူးစက်ခံရသူ တစ်ယောက်တွေ့ရှိတိုင်း ထိုသူ သွားခဲ့သည့် လမ်းကြောင်းအတိုင်း၊ ဆိုင်ဆို ဆိုင်၊ ရုံးဆို ရုံး ပိုးသတ်ဆေး လိုက်ဖျန်း၊ ထိုဆိုင်တွေ ရုံးတွေကို ခေတ္တပိတ်ခိုင်းပါတယ်။ ရောဂါကူးစက်သူ သွားခဲ့သည့် နေရာမှာ ရှိနေတဲ့ သူတွေကို ၂ပတ်တာအတွင်း အိမ်အပြင်မထွက်စေဘဲ၊ ကျန်းမာရေးအခြေအနေ စောင့်ကြည့်စေပြီး၊ လိုအပ်ရင် ကျန်းမာရေးဌာနကို လာရောက် စစ်ဆေးခံရန် အသိပေး ကြီးကြပ်ကြပါတယ်။ ထို ညွှန်ကြားချက်အတိုင်း ပြည်သူတွေ လိုက်နာကြတယ်။ ပြည်သူအချင်းချင်း ဖေးမကူညီကြတယ်။ စျေးဆိုင်တွေဆို ဆိုင်ခန်းခတွေ ရှိတဲ့အတွက် မရောင်းရတော့ အရှုံးပေါ်ကြတယ်။ ဆိုင်ခန်း ပိုင်ရှင်းတွေကနေပြီး ဆိုင်ခန်းခ လျှော့ပေးတာတို့၊ လခ လုံးဝ မယူဘဲ လျှော်ပေးတာတို့ ပြုလုပ်ကြပါတယ်။ အစိုးရကလည်း ဒီ ကပ်ဘေးကို ခုခံဆောင်ရွက်သည့်နေရာမှာ ကုန်တဲ့ ကုန်ကျစရိတ် များတဲ့အတွက် နိုင်ငံတော် ဘဏ္ဍာကို ထပ်တိုး သုံးရန် လွှတ်တော်ကို တင်ပြီး တောင်းဆိုပြီး လိုအပ်သည့် နေရာတွေမှာ သုံးတယ်။ ထို့အပြင် အလှူရှင်များထံမှ ရရှိသည့် အလှူငွေများလည်း ရှိတော့ တော်သေးတယ်။
နိုင်ငံသား ချမ်းသာမှု၏ အရေးပါမှု
တစ်ခု ထပ်ပြောချင်တာကတော့ ပြည်သူတွေအနေနဲ့ လုံးဝ စည်းကမ်းမဖောက်တာပါပဲ။ ဘယ်လောက်ပဲ အခြေအနေဆိုးလာလာ ရမ်းရမ်းကားကားမရှိကြဘူး။ ကုန်ကုန်ပြောရရင် ငတ်မှာ မကြောက်ကြဘူး။ သူတို့တွေ ဆိုင်တွေသွားပြီး စားစရာတွေ အများကြီး ဝယ်လာကြတယ်။ ဒါဟာ ငတ်မှာ ကြောက်တာထက် အရင်က တစ်ပတ် ၃ရက်လောက် စျေးသွားတယ်ဆိုရင် အခုလို အခြေအနေမျိုးမှာ ၁ရက်တည်းနဲ့ အပြီး ဝယ်ထားခြင်းဖြင့် ရောဂါ ကူးစက်မှုကို ကာကွယ်မယ်ဆိုတဲ့ စိတ်နဲ့ ဝယ်ကြတာလည်း ဖြစ်နိုင်တာပဲ။ ဘာလို့ အဲ့လို ပြောနိုင်တာလဲဆိုတော့ ကိုယ်လည်း အဲ့လို စိတ်နဲ့ ဝယ်ခဲ့တဲ့အတွက်ပဲ ဖြစ်တယ်။ လုမှာဆိုးလို့ ဆိုင်တွေ ပိတ်တာတို့ ဘာတို့ မရှိတာလည်း ပါမယ်ထင်တာပဲ။ နောက်တစ်ခုကတော့ အင်တာနက်ကနေ စားသောက်ကုန်က အစ လိုအပ်တာ အကုန် ဝယ်လို့ ရနေတာလဲ ပါတာပေါ့။
အရေးအကြီးဆုံးအချက်ကတော့ နေ့ဖို့ညစာ ပူစရာမလိုဘဲ ပြည်သူ တော်တော်များများ လက်ထဲမှာ လအနည်းငယ်လောက်ထိ တောင့်ခံနိုင်တဲ့ ငွေကြေးပမာဏ ရှိနေတဲ့အချက်ပဲ ဖြစ်တယ်။ အလုပ်မရှိရင် ဝင်ငွေ မရှိဘူး။ ဝင်ငွေမရှိရင် စုထားတဲ့ ငွေ ရှိရင် တောင့်ခံနိုင်ပြီး၊ စုထားတာ မရှိရင် ဝင်ငွေမရှိတာနဲ့ တစ်ပြိုင်နက် ငတ်ပြီဆိုတော့ လုတာယက်တာတွေလည်း တစ်ခါတည်း ဖြစ်ပေါ်လာတတ်တာ ဖြစ်တယ်။ ကိုရီးယားမှာ စုထားတဲ့ ငွေ မရှိဘူးဆိုတဲ့ လူက အနည်းငယ်သာ ရှိတယ်လို့ ယူဆရပါတယ်။ တော်တော်များများ ငွေစုကြတယ်။ အခု အစိုးရကို တာဝန်ရှိသူ တချို့က တင်ပြနေတာ ဘာလဲဆိုတော့ ပြည်သူ တစ်ဦးကို ‘သဘာဝဘေး အခြေခံလစာ’ ၁၀သိန်းထောက်ပံ့ဖို့ တင်ပြနေတာ ဖြစ်တယ်။ ကျဆင်းနေတဲ့ စီးပွားရေးမှာ တောင့်မခံနိုင်တဲ့ သူတွေ ရှိနေမှာ စိုးတဲ့အတွက်ကြောင့်လို့ ထင်ပါတယ်။
ကိုရီးယားတွေရဲ့ စည်းလုံးမှု
စတော့ရှယ်ယာစျေးတွေ ထိုးဆင်းသွားလိုက်တာလည်း ပြောမနေပါနဲ့။ ဒေါ်လာစျေးတွေ တက်ပြီး ကိုရီးယားငွေ တန်ဖိုးကျဆင်းပြီး စီးပွားရေး ကျနေတာလည်း အားလုံး အသိပဲ။ ဒါပေမဲ့ ဘဏ်တွေကို မယုံလို့ ဘဏ်ထဲ ရှိတဲ့ ပိုက်ဆံတွေ အပြေးအလွှားထုတ်တာတို့၊ ဘာတို့ လုံးဝ မရှိကြဘူး။ နေမြဲအတိုင်း နေကြတာပဲ။ သူတို့က သူတို့ အစိုးရကို သူတို့ ယုံကြတယ်။ တစ်ချိန်ချိန်တော့ ပြန်လည် ခေါင်းမော့လာမယ်ဆိုတာကို သူတို့ ယုံကြည်နေတယ်။ နောက်ပြီး ကိုရီးယားတွေ အရမ်းစည်းလုံးကြတယ်ဆိုတာ အရေးကြုံတဲ့အခါတိုင်း တွေ့ရတယ်။ ၁၉၉၇ခုနှစ်တုန်းက နိုင်ငံတော် ငွေကြေးအခက်အခဲ ကြုံတွေ့ရတဲ့ အခါတုန်းကလည်း ရွှေတွေထုတ်ပေးကြပြီး နိုင်ငံ့ အကြွေးကို ဝိုင်းဆပ်ကြတယ်။ အပြစ်ရှိတဲ့ သမ္မတကို ဖြုတ်ချတုန်းကလည်း အနုပညာရှင်ကအစ သာမန် ပြည်သူတွေအဆုံး အားလုံး စည်းစည်းလုံးလုံးနဲ့ ဆန္ဒပြကြတယ်။ အခုလည်း ငွေ တတ်နိုင်တဲ့ သူက ငွေ၊ လုပ်အား တတ်နိုင်တဲ့ သူက လုပ်အား လှူကြတယ်။ ဆေးရုံမှာ ရုန်းကန်နေရတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေအတွက် အစားအသောက်ကို တာဝန်ယူပြီး လှူကြတဲ့ သူတွေနဲ့၊ လူအင်အား မလောက်ငှတော့ ပင်ပန်းပြီး ဦးနှောက်သွေးကြောပေါက် သေတဲ့ အစိုးရ ဝန်ထမ်းတွေ၊ လုံးဝ ပြိုင်းနေတဲ့ ဆေးဖက်ဆိုင်ရာ ဝန်ထမ်းတွေရှိလာတော့ အစိုးရကနေပြီး ပြည်သူတွေဆီက အကူအညီကို တောင်းခံတဲ့ အနေနဲ့ လုပ်အားပေး ခေါ်တယ်ဆိုပြီး ကြေငြာတယ်။ အနယ်နယ် အရပ်ရပ်က ဆရာဝန်တွေ၊ သူနာပြုတွေဟာ ရောဂါ ကူးစက်မှု အရမ်း ဖြစ်ပွားနေတဲ့ ဒေသကို အပြေးလာကြတယ်။ ဆရာဝန် အလုပ်ကို နားထားတာ ကြာပြီ ဖြစ်တဲ့ လွှတ်တော်အမတ်နဲ့ ဇနီးဖြစ်သူလည်း ချွေးတပြိုင်းပြိုင်းနဲ့ အုတ်တစ်ချက်သဲတစ်ပွင့် နိုင်သလောက် ဝင်မ၊ အသက် ၆၀အရွယ် ပင်စင်ယူပြီးသား သူနာပြုတွေလည်း လုပ်အားပေး လျှောက်ပြီး ဆေးရုံမှာ အတူတကွ အခက်အခဲကို ကျော်လွှားနေကြတာတွေ မြင်ရတယ်။ အတော်လေး ပီတိလည်း ဖြစ်ရသလို အထောက်အကူ မပေးနိုင်တဲ့ ကိုယ့်အတွက်လည်း ရှက်မိတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ရောဂါ မကူးစက်အောင် ကာကွယ်ခြင်းဖြင့်လည်း အကျိုးပြုလို့ ရနေတာပဲဆိုတော့ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်၊ ပြန်လာရင် လက်ကို သေချာ စင်ကြယ်အောင် ဆေးခြင်းဖြင့် အကျိုးပြုနေပါတယ်ရှင်။