달력

5

« 2025/5 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

Unicode

       ငယ်ငယ်တုန်းက ဘဲကျောင်း၊ ကန်စွန်းရွက်ရောင်း၊ ရေဘော်ဇာ ကျုံး၊ အိမ်နီးချင်း ကလေး ပုခက်လွှဲပေး၊ နည်းနည်းလေး ကြီးလာတော့ ရွှံ့တွေနဲ့ လူးရင်း မြေကြီး ခြစ် မြေကြီး နင်းရင်း ကျောင်းတက်ခဲ့ရပြီး၊ တက္ကသိုလ် တက်တော့လည်း ကျောင်းက အပြန်၊ စနေ တနင်္ဂနွေ ပိတ်ရက်တွေမှာ အစ်မကြီးတွေနဲ့ အတူ စက်ကြီး ပန်းထိုးရင်း ဝင်ငွေ ကူရှာခဲ့ရတဲ့ မိအေး၊ ကျောင်းပြီးသွားတော့ ကံကောင်း အခွင့်သာတော့ အလုပ်တန်းရ၊ အထည်ချုပ် စကားပြန်ဆိုပေမဲ့ မိအေးအတွက်တော့ အလုပ်လုပ်ရဖို့သာ အဓိက၊ အလုပ်ဟူသမျှ ဂုဏ်ရှိစွလေ။

      အဲ့ဒီအချိန်တုန်းက လေယာဉ်ပျံ စီးဖို့ နေနေသာသာ တက္ကစီ စီးဖို့တောင် ပိုက်ဆံမရှိခဲ့ဘူး။ နိုင်ငံခြားဆိုတာ မိအေးတို့အဖို့ မိုးကောင်းကင်က ကြယ်ကို ဆွတ်ခူးရတာထက် ပိုပြီး ခက်ခဲတဲ့ ကိစ္စ‌ပေါ့။ မိအေးဟာ ကြိုးစားအားထုတ်မှုပိုင်းမှာ သူများထက်လည်း မသာသလို၊ သူများထက်လည်း အများကြီး မလျော့ခဲ့ဘူး။ ညလုံးပေါက်အောင် စာလည်း မကျက်ဖူးသလို၊ စာ လုံးဝ မကျက်ဘဲ တစ်နေကုန် အကစားပဲ မက်နေတာမျိုးလည်း မရှိခဲ့ဘူး။ အလုပ်လုပ်ချိန်မှာ အလုပ်ကို ကြိုးစားလုပ်တယ်။ ကစားချိန်မှာလည်း အားကြိုးမာန်တက် ကစားတယ်။ စာကြည့်ချိန်မှာလည်း စာထဲပဲ အာရုံစိုက်ခဲ့တယ်။ ဖြေးဖြေးနဲ့မှန်မှန်လေးပဲ လျှောက်ခဲ့တယ်။ မိ‌အေးက ‌လောဘလည်း မကြီးဘူး။ သူများကိုလည်း အားမကျတတ်ဘူး။ ဖြစ်သင့်တာကို ‌တွေး‌တောပြီး လုပ်သွားတယ်။ ကုန်ကုန်ပြောရရင် မနက်ဖန် ဘာဖြစ်မှန်း မသိတဲ့ အနေအထားမှာ ဘဝရည်မှန်းချက်ဆိုတာလည်း မိအေး မသိခဲ့ဘူး။ မိအေး သိတာ အလုပ်လုပ်နေတဲ့အချိန်ဆိုရင် ဘယ်လိုမျိုး လုပ်ရင် မြန်မြန်ဆန်ဆန်နဲ့ ပြီးနိုင်မလဲပဲ ‌ခေါင်းထဲရှိတယ်။ စာကျက်တဲ့အခါလည်း မြန်မြန်နဲ့ စွဲစွဲမြဲမြဲရနိုင်တဲ့ နည်းလမ်းမျိုးကို ရှာပြီး ကျက်ခဲ့တယ်။ 

   ဆရာဝန်ကြီး လုပ်မယ်တို့၊ အင်ဂျင်နီယာကြီး လုပ်မယ်တို့ဆိုတာ ပါးစပ်အပြောသပ်သပ်ပဲ။ တကယ်တမ်း‌တော့ မိအေးမှာ ဘာရည်မှန်းချက်မှ မရှိခဲ့ဘူး။ 10တန်း‌အောင်ရင် ရတဲ့အမှတ်လေးနဲ့ အကောင်းဆုံးဖြစ်မယ့် တက္ကသိုလ်တက်၊ ဘွဲ့ရတာနဲ့ အလုပ်လုပ်ပြီး ဝင်ငွေရှာကာ အိမ်ကို ‌ထောက်မယ်ဆိုတဲ့ အတွေး‌လေး‌တော့ နည်းနည်း ရှိခဲ့တယ်။ ကိုယ် ကြိုစားခဲ့သလောက်နဲ့  ညီတဲ့ ရလဒ်အနေနဲ့ 10တန်းကို ဂုဏ်ထူး 2ဘာသာနဲ့ ‌အောင်ခဲ့ပြီး နိုင်ငံခြားဆိုတဲ့ စကားလုံးပါတဲ့ နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ကိုရီးယား ‌မေဂျာနဲ့ ‌ကျောင်းတက်ခွင့် ရခဲ့တယ်။ ဒါဟာ မိအေးအတွက် နိုင်ငံခြားနဲ့ နီးစပ်‌‌စေတဲ့ အစ ‌ခြေလှမ်း‌လေး‌ပေါ့။ မိအေး ကြားသာကြားဖူး၊ မရောက်ဖူးတဲ့ သံရုံး‌လည်း ‌မြင်ဖူး၊ ရောက်ဖူးခဲ့တယ်။ ရုပ်ရှင်ထဲကလိုမျိုး ကိုယ်ပိုင်ကားနဲ့ ‌ကျောင်းလာကြိုတဲ့ သူတွေကိုလည်း ‌မျက်ဝါးထင်ထင် ‌တွေ့ခဲ့ဖူးတယ်။ ငါဟာ ‌ငွေရေး‌ကြေး‌ရေး ချို့တဲ့ပေမဲ့ ပညာမချို့တဲ့လို့ လူချမ်းသာ‌တွေနဲ့ တစ်တန်းတည်း၊ တစ်ကျောင်းတည်းမှာ ပညာသင်ခွင့် ရခဲ့တယ်။ မိအေးအတွက်၊ မိအေး မိသားစုအတွက်တော့ ဂုဏ်ယူစရာ တစ်ခုပေါ့။ ကိုယ့်ဘဝကိုယ် သိတဲ့ မိအေးဟာ အတန်းလည်း မပြေးခဲ့ဖူးဘူး။ ကိုယ်နဲ့ မတန်တဲ့ အရာ‌တွေကိုလည်း မမှန်းခဲ့ဖူးဘူး။ ကိုယ့်စာကိုယ်ပဲ အာရုံစိုက်ပြီး လုပ်ခဲ့တယ်။ ဒါ‌ပေမဲ့ ‌လှေကြီးထိုး ရိုးရိုးပဲ ဖတ်စာအုပ်ထဲက စာ‌တွေပဲ ‌ကြေအောင် ကြိုးစားကျက်မှတ်ရုံပဲ တတ်တော့ တခြား သင်ထောက်ကူတွေဖြစ်တဲ့၊ အင်တာနက်ကနေ ကိုရီးယား သီချင်း ‌ဒေါင်းပြီး နား‌ထောင်တာတို့၊ ပရိုဂရမ်တွေ ကြည့်တာတို့ မလုပ်တတ်တော့ စာ‌တွေ့‌တော့ ကျွမ်းကျင်ပြီး လက်တွေ့ စကား အပြောအဆို၊ အသုံးအနှုန်း‌ပိုင်းမှာ အားနည်းခဲ့တယ်။ အတန်းထဲမှာ အတော်ဆုံး ဖြစ်ချင်ပေမဲ့ မဖြစ်နိုင်ခဲ့ဘူး။ 

    မိအေး လုပ်နိုင်တာဆိုလို့ ကိုယ့်အသံကို ကိုယ်ပြန်ကြား‌အောင် အသံထွက်ပြီး စာဖတ်တာတို့၊ ‌စာလုံး‌ပေါင်း ‌ရေးကျက်တာတို့ပဲ တစိုက်မတ်မတ် လုပ်ခဲ့တယ်။ အဲ့လို ဖြစ်လာတဲ့ အ‌ခြေအနေအပေါ်မှာ ကိုယ့်လုပ်နိုင်တာကို ကြိုးကြိုးစားစား လုပ်ခဲ့တဲ့ ရလဒ်အနေနဲ့ စာလုံး‌တွေကို ‌ခေါင်းထဲ စွဲနေအောင် မှတ်မိနေတယ်။ အသံထွက်ပြီး စာဖတ်ခဲ့တဲ့ ‌ကျေးဇူးအနေနဲ့ အသံထွက်မှန်မှန်ကန်ကန် ထွက်နိုင်လာတယ်။ အလုပ်ဝင်တော့ ဘဝမှာ ပထမဆုံး ကိုရီးယားအစစ်ကြီး‌တွေနဲ့ စကား‌ပြောတာဆိုတော့ မိအေး ‌ကြောက်လိုက်တာ ‌ပြောမနေပါနဲ့တော့။ ‌ကျောင်းတက်တုန်းက ကိုရီးယားဆရာမတွေ ရှိတော့ ရှိပေမဲ့ ဆရာ‌ကြောက်တဲ့ ကိုယ်ကတော့ အမြဲတမ်း ပုန်းပုန်း‌နေခဲ့တော့ စကားကို ထိပ်တိုက် သိပ်ပြီး မပြောခဲ့ရဘူး။ အလုပ်ထဲ ‌ရောက်လည်း ‌ရောက်ရော နဖူး‌တွေ့ ဒူး‌တွေ့ ‌ပြောဆို‌တော့ အစပိုင်း ပါးစပ်က မထွက်လာဘူး။ ပိုဆိုးတာ လုပ်ငန်းခွင်သုံး စကားလုံး‌‌တွေဆိုတော့ ဘာ‌ပြောလို့ ‌ပြောမှန်းမသိ၊ မသိတော့ ဘယ်လို ဘာသာပြန်ပေးရမှန်း မသိနဲ့ ‌အခက်တွေ့ခဲ့တာ‌ပေါ့။ ကြာလာ‌တော့လည်း နားရည်ဝလာပြီး လုပ်ငန်းခွင်သုံး စကား‌တွေ ကျွမ်းလာ‌တော့ မွှတ်နေအောင် ‌ပြောတာ ‌ပြောတာ ကိုရီးယား‌တွေတောင် အံ့သြသွားရတယ်။ အလုပ်လုပ်ပြီး အမေ့ကို လစာစာအိတ် အပ်ရတဲ့ ပီတိကလေ ဘာနဲ့မှ မလဲနိုင်ဘူး။ မိအေးက စကားပြန်ဆိုတော့ စက်ချုပ်တဲ့ ကလေး‌တွေထက်တော့ လစာက များတာ‌ပေါ့။ မိအေး ရတဲ့ လစာက အိမ်အတွက် အတော်‌လေး အထောက်အကူဖြစ်ခဲ့တယ်။ အကြွေး‌‌တွေလည်း ‌ကြေ၊ မိအေး အမေ့ကို ဆင်ပေးချင်တဲ့ ‌ရွှေ တစ်ကျပ်သား ဆွဲကြိုးကြီးလည်း အမေ ဝယ် ဆွဲနိုင်၊ နားကပ်ကြီးနဲ့ လက်ကောက်ကြီးနဲ့၊ ‌ဆွဲကြိုးကြီးနဲ့ အမေ့ မျက်နှာမှာ အပြုံးပန်တွေ ‌ဝေနေတာ ‌တွေ့တော့ မိအေး သိပ် ‌ပျော်တာပဲ။ အတော်‌လေး ‌ပြေလည်လာ‌တော့ မိအေး ဘဝမှာ ပထမဦးဆုံး ‌လောဘစိတ်ကလေး ဖြစ်လာခဲ့တယ်။ အဲ့ဒါ နိုင်ငံခြားမှာ ‌စကော်လာနဲ့ ကျောင်းသွားတက်ချင်လိုက်တာဆိုတဲ့ ‌တောင့်တမှုလေ‌ပေါ့။ ကိုရီးယားဘာသာစကားမှာ confidence ရှိလာ‌တော့ နိုင်ငံခြားဆိုတာကြီးကို သွားကြည့်ချင်လာတယ်။ 

    ဒီလိုနဲ့ မိအေး နိုင်ငံခြား သွား ‌ကျောင်းတက်နေတဲ့ သူတွေနဲ့ အဆက်အသွယ်ရအောင် ကြိုးစားတယ်။ ယုံကြည်ရလောက်တဲ့ ကိုရီးယား‌တွေနဲ့ မိတ်ဆွေဖွဲ့တယ်။ သိချင်တာ‌တွေ ‌မေးတယ်။ ‌နောက်ဆုံး‌တော့ အားလုံးရဲ့ အကူအညီနဲ့ မိအေး နိုင်ငံခြားဆိုတဲ့ ရပ်ဝေးမှာ ‌ကျောင်းလာတက်ခွင့် ရခဲ့တယ်။ မိအေး သိပ်ပျော်ခဲ့တယ်။ မိအေး စကော်လာ ရတဲ့အတွက် မိအေး မိသားစုကို အရင် လုပ်အားခ အပ်သလိုမျိုးပဲ စကော်လာ ရတဲ့ထဲက စုပြီး ‌ထောက်ပံ့နိုင်ခဲ့တယ်။ ဒါ‌ပေမဲ့ မိအေး အပျော်‌တွေက 1နှစ်မကျော်လိုက်ဘူး။ မိအေး သိပ်ချစ်ရတဲ့ အမေ့မှာ အဆုပ်ကင်ဆာ ဖြစ်လာခဲ့တယ်။ မိအေး ‌ခေါင်း‌အေး‌အေးနဲ့ စဥ်းစားတယ်။ ‌ကျောင်းနားပြီး အမေ့နား ပြန်တော့ရော အဲ့ရောဂါက ပြန်ကောင်းလာမှာလား‌ပေါ့။ မိအေး ဒီမှာ ‌ကျောင်းတစ်ဖက်နဲ့ အချိန်ပိုင်း စကားပြန် လုပ်ရင်း ‌ငွေပိုငွေလျှံရတဲ့အတွက် အမေ့ရဲ့ ‌နောက်ဆုံးအချိန်လေးကို သက်တောင့်သက်သာ ဖြစ်အောင် ‌‌ထောက်ပံ့နိုင်မယ်ဆိုတဲ့ အတွေးနဲ့ မိအေး ‌ကျောင်းမနားဘဲ ဆက်တက်ခဲ့တယ်။ မိအေး ‌ကျောင်းပိတ်တိုင်း အမေ့ဆီ ပြန်တယ်။ 2nd semister ပြီး‌လို့ ‌ကျောင်းစပိတ်တော့ မိအေး တန်းပြီး အိမ်ကို အပြေးပြန်ခဲ့တယ်။ မိအေး ‌အိမ်ရောက်ပြီး 10ရက်အကြာမှာ အမေ မိအေးကို ထားသွားခဲ့တယ်။ ‌ရောဂါအပြင်းအထန် ခံစား‌နေရတဲ့ အမေ့ကို မိအေး မကြည့်ရက်ခဲ့ဘူး။ အဲ့ဒီအတွက် ဆွဲလည်း မထားရက်ဘူး။ မိအေး အမေ့ကို လွှတ်ပေးခဲ့တယ်။ မိအေး မငိုခဲ့ဘူး။ မိအေး ရင်ထဲမှာ အ‌‌မေက ထာဝရ ရှင်သန်နေတဲ့အတွက်ကြောင့် မိအေး မငိုဘူး။ 

    ကျန်နေသေးတဲ့ ‌နောက်ဆုံး semister ၂ခု ဆက်တက်ဖို့ မိအေး ကိုရီးယားကို ပြန်လာခဲ့တယ်။ မိအေးစိတ်ထဲမှာ အမေ အိမ်မှာ ရှိနေတုန်းလို့ပဲ ခံစားရတယ်။ မိ‌အေး မြန်မာပြည် ပြန်ရင် ကြာကြာမနေနိုင်ဘူး။ အမေမရှိတဲ့ အိမ်မှာ မိအေး ‌မနေချင်ဘူး။ ဒါ‌ကြောင့် မိအေးရဲ့ အကောင်းအဆိုးမှန်သမျှ မျှဝေခံစား‌ပေးတဲ့ မိအေးရဲ့ ချစ်သူနဲ့ ‌ကျောင်းပြီးပြီးချင်း မိအေး လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ မိအေး အမေမရှိတဲ့ မြန်မာပြည်မှာ ‌နေနိုင်ဖို့ဆိုရင် အချိန် အနည်းငယ်တော့ ‌စောင့်ရဦးမယ်။ ‌နောက် 5နှစ်၊ 10နှစ်လည်း ကြာသွားနိုင်တယ်။ 

 

 

mm.aaa.kr

:
Posted by 해맑은순이