영화 Burning 감상문(ရီဗျူး)2018. 12. 21. 12:46
“Burning” ဆိုတဲ့ ရုပ်ရှင်ကို ရုပ်ရှင်ရုံမှာ တစ်ခါ ကြည့်ပြီးတော့ ထပ်ကြည့်သင့်တယ်ထင်လို့ အိမ်မှာ တစ်ခါ ပြန်ကြည့်ဖြစ်တယ်။
ရုပ်ရှင်ရဲ့ ဆိုလိုရင်းကိုတော့ ကြည့်ရှုသူ ပရိသတ်တွေ အဓိပ္ပါယ် ကြိုက်သလို ကောက်လို့ရအောင် ဖွင့်ပေးထားတာ ဖြစ်ပါတယ်။ ကြိုက်သလို တွေးတောပြီး ကြိုက်သလို ယူဆလို့ ရအောင် ရုပ်ရှင်က ဗဟေဠိတွေ ထားပေးထားပါတယ်။
ဒီကားရဲ့ ဖွဲ့စည်းပုံကတော့ လူငယ် ၃ယောက်နဲ့ တစ်ကားလုံးကို ရိုက်ပြသွားတာ ဖြစ်ပါတယ်။ မူရင်းကတော့ ဂျပန် ဝတ္ထုကို ကိုးကားပြီး ကိုရီးယားစတိုင်လ်နဲ့ ပြန်ရိုက်ထားတာပါ။
ဒီကားထဲမှာ မင်းသမီး ပြောပြသွားတဲ့ little hunger နဲ့ great hunger အကြောင်းဟာ ဇာတ်ကို ဖြေပြသွားတယ်လို့ ထင်ပါတယ်။
little hunger ဆိုတာ ဝမ်းဆာအတွက် ကြိုးပမ်းနေရတဲ့ ဆင်းရဲသားတွေရဲ့ ဆာလောင်မှုကို ဆိုလိုတာ ဖြစ်ပြီး၊
great hunger ကတော့ ဘဝရဲ့ အဓိပ္ပါယ်ကို ရှာဖွေရင်း ဆာလောင်နေတဲ့သူတွေကို ဆိုလိုတာ ဖြစ်ပါတယ်။
လွယ်လွယ် ပြောရရင် little hunger တွေက ငွေကြေး မပြည့်စုံတဲ့အတွက် ငွေရှာနေရတာနဲ့ တစ်ခြားအတွေးတွေ မဝင်နိုင်ဘဲ တစ်နေ့တစ်နေ့ အချိန်တွေ ဘယ်လို ကုန်သွားသလဲ မသိတဲ့ လက်လုပ်လက်စားသမားများ ဖြစ်ပြီး၊
great hunger တွေကကျတော့ နည်းနည်း ချောင်လည်တဲ့ သူတွေ၊ နောက်ပြီး ချမ်းသာကြွယ်ဝပြီး လိုလေသေး မရှိတဲ့ သူတွေ၊ အတွေးပေါင်းစုံ တွေးဖို့ အချိန် ရတဲ့ သူတွေဆိုလည်း မမှားပါဘူး။ ထိုသူတွေကျတော့ ငါ ဘာလို့ ငွေရှာနေတာလဲ။ ဘာအတွက် အသက်ရှင်နေတာလဲ။ ဘာလို့ စာတွေ ကျက်နေတာလဲ။ ရှင်သန်နေခြင်းရဲ့ အဓိပ္ပါယ်ကို မသိလောက်အောင် ငြီးငွေ့လာကြတဲ့သူတွေပဲ ဖြစ်ပါတယ်။
ဒီကားထဲက လူငယ် ၃ယောက်အနက် ဂျုံးဆုဆိုတဲ့ ကောင်လေးနဲ့ ဟယ်မင်းဆိုတဲ့ ကောင်မလေးကတော့ တစ်ရွာထဲ နေခဲ့တဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေ ဖြစ်ပြီး လက်လုပ်လက်စား ဘဝတွေ ဖြစ်ပါတယ်။ သူတို့ ၂ယောက်ထဲမှာမှ ဂျုံးဆုကတော့ little hunger စစ်စစ်လို့ ဆိုလို့ ရပေမဲ့၊ ဟယ်မင်းကတော့ ကဒ် အကြွေးတွေ ဝိုင်းနေတဲ့ little hunger ဖြစ်နေပေမဲ့ စုထားတဲ့ ပိုက်ဆံနဲ့ အာဖရိက အထိ သွားပြီး ဘဝရဲ့ အဓိပ္ပါယ်၊ ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ကို ရှာဖွေမယ် ဆိုတဲ့ great hunger ဖြစ်ချင်နေတဲ့ သူလို့လည်း ယူဆလို့ ရပါတယ်။ နောက် ဇာတ်ကောင် တစ်ယောက်ဖြစ်တဲ့ ဗန်းကတော့ ပြိုင်ကားအကောင်းစားကြီး စီးနိုင်၊ သူဌေးရပ်ကွက်မှာ နေနေတဲ့ သူဌေးသားလို့ ယူဆရပါတယ်။
အခုက စပြီး ဇာတ်လမ်းထဲက စကားများကို အဓိပ္ပါယ် ကောက်ကြည့်ရအောင်နော်။
ဟယ်မင်းက ဂျုံးဆုကို အိမ်ခေါ်လာပြီး ပြောလိုက်တဲ့ စကားထဲမှာ အိမ်က မြောက်ဘက်ကို မျက်နှာ မူထားတဲ့အတွက် နေရောင်ကို တိုက်ရိုက် မမြင်ရဘူး။ နေရောင် မြင်ရတဲ့ တစ်ချိန်တော့ ရှိတယ်။ အဲဒါ နမ်ဆန်းတာဝါကို နေထိုးတဲ့အခါ အလင်းပြန်ပြီး အခန်းထဲကို နေထိုးတဲ့အချိန်တဲ့။ အဲဒါလည်း တစ်ခဏလေးတဲ့။ အရမ်း ကံကောင်းမှတဲ့။
ဒီထဲမှာလည်း လေးနက်တဲ့ အဓိပ္ပါယ်တွေ ပါနေတာကို တွေ့နိုင်ပါတယ်။ ကိုရီးယားမှာ မြောက်အရပ်ကို မျက်နှာမူတဲ့ အိမ်ဆိုတာ ဆင်းရဲတဲ့ ပိုက်ဆံမတတ်နိုင်တဲ့ သူတွေမှသာလျှင် နေကြတာ။ ဒါဟာ ဆင်းရဲသားတွေကို ဆိုလိုတာ ဖြစ်ပြီး။ နေရောင်ဆိုတာကတော့ ပညာရေး။ နောက်ပြီး အလုပ်အကိုင် အခွင့်အလမ်းကို ဆိုလိုတာလို့ ယူဆရပါတယ်။ တစ်ခဏတာ နမ်ဆန်းတာဝါမှ တစ်ဆင့် အလင်းပြန်တဲ့အခါ နေရောင်ကို မြင်ရတယ်ဆိုတာကတော့ ကိုယ့်ပိုင် အင်အားနဲ့တော့ မဖြစ်နိုင်ဘူးဆိုတာမျိုး။ အလင်းပြန်တာလည်း အရမ်း ကံကောင်းမှ မြင်ရတာဆိုတာကတော့ အဲသလို အခွင့်အရေးဟာလည်း ဆင်းရဲသားတွေအတွက်တော့ အင်မတန်မှ ရှားပါးတယ်ဆိုတာကို ဆိုလိုတာလို့ ယူဆရပါတယ်။
ဟယ်မင်းက အာဖရိကက အပြန် လမ်းမှာ ခင်လာတဲ့ ဗန်းနဲ့ ဂျုံးဆုရှေ့မှာ
သေရမှာလည်း ကြောက်တယ်၊ အစကတည်းက မရှိခဲ့သလိုမျိုး လေထဲမှာ ပျောက်ကွယ်သွားချင်တာဆိုပြီး မျက်ရည်တွေကျပြီး ပြောခဲ့တဲ့ အခန်းဟာ အတော်လေး အဓိပ္ပါယ် လေးနက်တာကို တွေ့ရပါတယ်။
လူချမ်းသာ ဗန်းက မျက်ရည်တွေ ကျနေတဲ့ ဟယ်မင်းကို ကြည့်ပြီး ငါတော့ လူတွေ ဘာဖြစ်လို့ မျက်ရည်ကျလဲဆိုတာ နားမလည်နိုင်ဘူး။ ဆိုပြီး ပြောသွားတဲ့ နောက်ထပ် great hunger တစ်ယောက် ဖြစ်ပါတယ်။
နောက်ပြီး ဒီ ဇာတ်ကားထဲမှာ ဗန်းက ဂျုံးဆုကို ပြောသွားတဲ့ စကားထဲမှာ
ဗန်း။ ။ငါက green house တွေကို မီးရှို့ပေးတယ်။ ၂လ တစ်လုံးလောက်။ အသုံးမဝင်တော့တဲ့ အပစ်ခံထားရတဲ့ green house ကိုပဲ ရွေးပြီး မီးရှို့ပေးတာ။ ကိုရီးယားမှာ အဲသလို အသုံးမဝင် အပစ်ခံထားရတဲ့ green house တွေ အများကြီးပဲ။
ဂျုံးဆု။ ။အဲ့ဒါကို ဗန်းက ဘယ်လို ဆုံးဖြတ်တာလဲ။
ဗန်း။ ။အဲဒါက ဆုံးဖြတ်စရာ မလိုဘူး။ မိုးရွာတာကို မိုး ဘာလို့ ရွာတာလဲဆိုပြီး သွားမေးလို့ မရသလို သူ့အလိုလို သဘာဝ အတိုင်း သိလာတာတဲ့။
ဒီမှာ ဗန်းဆိုလိုတဲ့ အသုံးမဝင် အပစ်ခံထားရတဲ့ green house ဆိုတာက အလုပ်အကိုင် အခွင့်အရေး ရရန် ခက်ခဲကြတဲ့ ကိုရီးယား လူငယ်တွေကို ဆိုလိုတာလို့ ယူဆလို့ ရပါတယ်။ ဥပမာ ဟယ်မင်းလို၊ ဂျုံးဆုလို လူငယ်တွေပေါ့။ သို့ပေမဲ့ အဲဒီအထဲမှာမှ ဘာအတွက် အသက်ရှင်နေတာလဲ၊ အစကတည်းက မရှိခဲ့သလို ပျောက်ကွယ်သွားချင်တယ်ဆိုတဲ့ ဘဝရဲ့ အဓိပ္ပါယ် ငတ်မွတ်နေတဲ့ ဟယ်မင်းလို လမ်းပျောက်နေတဲ့ သူမျိုးကို ရည်ညွှန်းနေတယ်လို့ လည်း ယူဆမိပါတယ်။
တစ်နည်းအားဖြင့် ဗန်းဟာ စိတ္တဇ လူသတ်သမား ဆိုက်ကိုသမားတစ်ယောက်လို့ ယူဆလို့ ရပါတယ်။ အသက်ရှင်ရတာ ပျင်းစရာကောင်းလာတဲ့အတွက် စိတ်အစာကျွေးနိုင်တဲ့ အရာတွေကို ရှာလုပ်နေတဲ့ great hungerလို့ ပြောလို့ ရပါတယ်။ ဇာတ်လမ်းထဲမှာ ဗန်းက ဟယ်မင်းကို သတ်လိုက်တဲ့ အခန်းတော့ မပါပေမဲ့၊ ဗန်းရဲ့ ရေချိုးခန်းထဲက အံဆွဲထဲမှာ ရှိနေတဲ့ မိန်းကလေးတွေရဲ့ ပစ္စည်းတွေထဲမှာ ဟယ်မင်းရဲ့ နာရီပါ ရှိနေတာကို ကြည့်ခြင်းအားဖြင့် ဟယ်မင်းဟာ အသတ်ခံလိုက်ရတယ်လို့ ယူဆလို့လဲ ရပါတယ်။
ဇာတ်ကားဟာ ဟယ်မင်း ပျောက်သွားပြီး ဗန်းကို သံသယဝင်ပြီး လောင်ကျွမ်းနေတဲ့ ဂျုံးဆုကို ဆိုလိုတာလား။ ပျောက်သွားတဲ့ ဟယ်မင်းကို ဆိုလိုတာလား။တော့ မကွဲပြားဘူးပေါ့နော်။
တစ်ခြား အဓိပ္ပါယ် ကောက်စရာ အခန်းတွေလည်း အများကြီး ရှိပါသေးတယ်။ ရုပ်ရှင်ကြည့်ပြီး ကိုယ့်ဘာသာကိုယ် အဖြေရှာရတဲ့ ပဟေဠိဆန်တဲ့ ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။ ဇာတ်ဝင်ခန်း အခန်းတိုင်း၊ အသံတွေကို သေချာလေး နားထောင်ပြီး အဓိပ္ပါယ်ဖော်ကြည့်ရတဲ့ ကား ဖြစ်ပါတယ်။ နည်းနည်း ပျင်းစရာတော့ ကောင်းတယ်။ အက်ရှင်တို့ ဘာတို့ ကြိုက်တဲ့ သူတွေအတွက်တော့ မကြည့်သင့်ဘူးလို့ ထင်ပါတယ်။ တွေးတောရတာ၊ အဓိပ္ပါယ်ကောက်ရတာ၊ အဖြေရှာရတာ ကြိုက်တဲ့သူတွေကိုတော့ ညွှန်းလိုက်ပါတယ်နော်။
မှတ်ချက် ဒီကားက ၁၉အထက် ကား ဖြစ်ပါတယ်။
Unicode
'감상문(ရီဗျူး)' 카테고리의 다른 글
신과 함께 인과 연, Along with the Gods: The Last 49 Days (0) | 2018.12.24 |
---|---|
영화 신과 함께 죄와 벌 (0) | 2018.12.24 |
영화 Extinction (0) | 2018.12.21 |
미쓰백(Miss Baek) (0) | 2018.12.15 |
The Village (0) | 2018.12.07 |